Tuesday 13 May 2008

ကျောင်းတော်က သူငယ်ချင်း အ၀ါ

လွမ်းတယ် ကောင်မလေးရယ်...
ဘယ်ကဗျာတွေဆီကိုပဲ ရောက်ရောက်
နင့်ရဲ့စိတ်ကို တံခါးလှမ်းလှမ်း ခေါက်မိတယ်...

ငါ့ကို ငါ့လွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
အခုထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း...

ချစ်ခြင်းတရားဟာ
ငါ့အတွက်တော့ တချို့ ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တခါးကပွင့်မလာခဲ့ဘူး...

ဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်း
မထူးတော့ပါဘူး...
အစကတည်းက
သူငယ်ချင်းဆိုတာ - ဆွတ်ခူးဖို့မှမဟုတ်တာဘဲ...
( တာရာမင်းဝေ )

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ချစ်သူပါးလေး နှစ်ဖက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်းခေါ်လိုက်တိုင်းမှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခုဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး
ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။
ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

(ကလောင်ရှင် - ကောင်းကင်ကို)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers