Sunday 14 December 2008

သိပ်ချစ်တယ်....ချစ်သူ









-တစ်ယောက်တည်းပဲ နေတတ်တဲ့ ငါ
အရာရာဟာ နင်နဲ့စတွေ့မှပါဟာ......

-နင်နဲ့တွေမှ အဖော်မင်တတ်တဲ့ ငါ
အခုတော့လည်း ထုံးစံအတိုင်း
တစ်ယောက်တည်းပါ.........။

-နင်နဲ့တွေ့မှ လေးနက်မှုထားတတ်တဲ့ ငါ
အခုတော့လည်း လေးလေးနက်နက်
နင်ပြောခဲ့တာက ငါ့ကိုမေ့လိုက်ပါတဲ့...။

-နင်နဲ့တွေ့မှ သတိရတတ်တဲ့ ငါ
အခုတော့လည်း သတိရတိုင်း
ဒဏ်ရာတွေ ရင်နဲ့မဆံ့ဘူး......။

-နင်နဲ့တွေ့မှ ချစ်တတ်ခဲ့တဲ့ ငါ
အခုတော့လည်း ဘယ်သူ့ကိုမှ
မချစ်ဝံ့တော့ဘူး..............။

-နင်နဲ့တွေ့မှ လွမ်းတတ်ခဲ့တဲ့ ငါ
အခုတော့လည်း အလွမ်းတိုင်းဟာ
ဒဏ်ရာတွေနဲ့ နာကျင်စေပါတယ်.......။

-နင့်ကို ချစ်တဲ့ အချစ်တွေ
ငါ့ရင်ထဲမှာ အမြဲတမ်းရှိတယ်ဆိုတာ
နင်သိရင် ငါကျေနပ်ပါပြီ.......။

-ရိုးသားသော ချစ်ခြင်းများဖြင့်
ဖြူစင်သော မေတ္တာများနှင့်
ငါ နင့်ကို သိပ်ချစ်တယ် ချစ်သူ…...။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday 28 November 2008

အနာဂတ်မရှိတဲ့ ရင်ခုန်သံ





နင့်ရဲ့အချစ်တွေကို မရနိုင်မှန်းသိရက်နဲ့
ရင်ဘတ်ကြီးကွဲမတတ် တောင်းခံနေဆဲ၊
အချိန်တိုင်းမျှော်လင့်နေဆဲပါ။ ။

မေ့ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား
မမေ့နိုင်တာက ငါ့ရဲ့အပြစ်တစ်ခုပေါ့၊
မင်းမှာ နှလုံးသားရှိတယ်ဆိုရင်
မင်းနှလုံးသားရဲ့ အောက်မှာ ငါ
ဒူးထောက်လိုက်ပါပြီ........။

ငါ့ရင်ထဲကို လွမ်းစရာတွေ
တပွေ့တပိုက်ကြီး လက်ဆောင်ထည့်ပေးပြီး
နင် ...ညင်သာစွာ ပြေးထွက်သွားတယ်နော်၊

ဘယ်အချိန် ဘယ်အခါဘဲ ဖြစ်ဖြစ်
မင်းလေးကို ငါ့ရင်ခွင့်က ကြိုနေပါတယ်......
အိမ်မက်သေတွေကို ရှင်သန်ခွင့်ပေးပါ....
အနာဂတ်မရှိတဲ့ ရင်ခုန်သံတွေကို
မရပ်ဆိုင်းပါရစေနဲ့နော်။ ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday 5 October 2008

လတစ်စင်း

ဪ.....ဆောင်းရာသီရယ်
ဘာလို့များ ညတာရှည်ရတာလဲ.....

လမိုက်ညရဲ့ ကောင်းကင်ကိုကြည့်
လွမ်းလွန်းလို့ ခေါင်းမော့မိပါ၏။

ကျွန်တော့်အတွေးထဲ ဖျတ်ခနဲ့ပြေးလွှား
ချစ်သူ၏ ပုံရိပ်များပါပဲ...။

မူဟန်ပိုပို မျက်နှာလေးက
ခုချိန်ထိ မြင်ယောင်နေဆဲပဲ။

ရယ်သံချိုချိုလေးတွေက မ၀သေရည်လိုပဲ
ခုချိန်ထိ သောက်သုံးချင်ဆဲပါ။

အနားမှာ မင်းမရှိတဲ့ညတွေဟာ
အရမ်းကို အထီးကျန်နေဆဲပါ။

တစ်ကြိမ်လွမ်းလို့သာ ကြယ်တစ်လုံးမြေခ မယ်ဆိုရင်
ကောင်းကင်ပြင်မှာ လတစ်စင်းသာ
ချစ်သူ မြင်နိုင်မှာပါ ။ ။
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday 27 September 2008

အပါယ်ခံ နှလုံးသား

ချွဲချွဲနွဲ့နွဲ့ မင်းရဲ့အသံလေးတွေက
ငါ့ကို လိမ်ညာဖို့ သက်သက်လား.....

ကလေးဆန်တဲ့ မင်းရဲ့အမူအရာလေးတွေက
ငါ့အသဲကိုခွဲဖို့ သက်သက်လား.....

ချိုမြိန်တဲ့ မင်းရဲ့အပြုံးလေးတစ်ခုနဲ့
ငါ့နှလုံးသားကို နှုတ်ယူခဲ့တာလား.....

တိတ်ဆိတ်ငြိမ်သက်တဲ့ ဆောင်းမနက်ခင်းတစ်ခုမှာပဲ
မင်းရဲ့ကြင်နာပြုံးလေးတစ်ပွင့်ကို စွန့်ကြဲပြီးတော့
ငါနှလုံးသားကို နင်းခြေပစ်ခဲ့တယ်နော်.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒုတိယမြောက် " ရိုမီယို "

ကောင်မလေးရယ်.....
မင်းရဲ့အတွေးထဲမှာပဲ ဖြစ်ဖြစ်ပေါ့ကွာ
ခဏလောက် နားခိုခွင့်ပေးပါလား.....?

မင်းရဲ့အချစ်ဦး ဖြစ်ခွင့်မရတော့ပေမဲ့လည်း
ငါ့ရဲ့အချစ်ဦးကတော့ မင်းပဲလေ.....

ငါ မျှော်လင့်တောင်းတနေတာကလည်း
မင်းရဲ့ ဒုတိယမြောက်နှလုံးသားပါ.....

ဖြစ်နိုင်မယ်ဆိုရင်တော့ -
မင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ခွင့်ရတဲ့
ဒုတိယမြောက် " ရိုမီယို "ပဲဖြစ်ပါရစေ.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မင်းပျော်ပါစေ

-ကောင်မလေးရယ်.....
ကောက်ကျစ်မှုတွေများတဲ့ မာယာတောထဲမှာ
မင်းလေးက သိပ်လှတဲ့ သမင်မလေးပေါ့။

-ဖြားယောင်းမှုတွေနဲ့ ကျော့ကွင်းတွေအထပ်ထပ်ကြားထဲမှာ
မင်းလေးက အလိုက်သင့်ကခုန်တတ်တဲ့
တောပျော် သမင်မလေးပေါ့နော်။

-မုသားတွေများတဲ့ မုဆိုးတွေကြားထဲမှာ
နေသားတကျဖြစ်နေတဲ့ ရွှေသမင်မလေးက
စိမ်းလန်းနေတဲ့ ငါ့ဥယျာဉ်ထဲမှာ
ဘယ်လိုလုပ် ပျော်ပါးနိုင်ပါ့မလဲနော်.....။

-ငါ သိလိုက်ပါတယ်
ဘာလဲဆိုတော့ မင်းက မုသားဖြူဖြူလေးတွေကိုပဲ
နားဝင်ချိုတတ်တယ်ဆိုတာကိုပါ.....။

-မိုးတိမ်ဆိုတဲ့ ငါကလည်း
မင်းကို အမြဲပျော်ရွှင်စေချင်တာဆိုတော့
မင်းပျော်နေတာကိုပဲ ပြုံးလျှက်ကြည့်နေမှာပါ.....။
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday 30 August 2008

မင်းသိဖို့ပါ

သို့.....ကောင်မလေးရယ်

ငါ မမြင်ချင်ဆုံးအရာက မင်းရဲ့ မျက်ရည်....

ငါ မကြားချင်ဆုံးအသံက မင်းရဲ့ လှောင်ရယ်သံတွေပါ

ငါ မခံယူရဲတဲ့အရာက မင်းပေးတဲ့ အမုန်းတရားတွေပဲ

သေချာဆုံးတစ်ခုကတော့....

ငါ့ဆန္ဒတွေကို မြိုသိပ်ပြီး

မင်းဆန္ဒတွေကို လိုက်လျောရင်းနဲ့

ငါ့ခန္ဓာ မပျက်သုဉ်းသ၍

မင်းကို ချစ်နေမယ်ဆိုတာကို ယုံကြည်ပေးပါ.....

( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday 6 August 2008

Copy တွေနဲ့ချစ်သူ

ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။

သူမက လူများတွေကို စိတ်ချမ်းသာစေချင်တယ်လေ။

ဒါပေမဲ့ လူများတွေက စိတ်ချမ်းသာရပေမဲ့

ကျွန်တော်က ကြေကွဲစွာဖြင့် ၀မ်းနည်းနေရတယ်ဗျာ။

ဘာလို့လဲဆိုတော့ - သူမမှာ မိတ္တူကူးစက်တစ်လုံးရှိလို့ပါ။

သူမကို ချစ်ရေးလာဆိုတဲ့ သူတွေကို အရင်ဆုံးတော့ ငြင်းဆန်ပါတယ်။

ငြင်းဆန်လို့မရတဲ့အခါကျရင်တော့....

သူမ Copy ကူးထားတဲ့ စာရွက်လှလှလေးတွေကို

ထုတ်သုံးလေ့ရှိပါတယ်။

" ချစ်ပါတယ် " လို့ ရေးထားတဲ့ စာရွက်လေးပေါ့ဗျာ။

သူများတွေ ပျော်ရွှင်နေတဲ့အချိန်မှာ .....

ကျွန်တော် ဘာကြောင့် ကြေကွဲနေရတယ်ဆိုတာတော့

သူငယ်ချင်းတို့ သိလောက်ပါပြီနော်...

( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday 5 July 2008

ဝိုးတ၀ါးအရိပ်လေး

ကောင်မလေးရယ်.....
မင်းကသာ ပန်းကလေးတစ်ပွင့်ဆိုရင်ပေါ့
ငါက - မင်းကို အလွတ်တကူမဆွတ်ချူနိုင်အောင်
ကာကွယ်ပေးချင်တဲ့ ပန်းစောင့်ဘီလုးတစ်ကောင်ပါ

ကောင်မလေးရယ်.....
မင်းကသာ ငှက်ကလေးတစ်ကောင်ဆိုရင်ပေါ့
ငါက - မင်းပျော်ရွှင်စွာပျံသန်းနိုင်ဖို့
အသန့်ရှင်ဆုံး လေထုတစ်ခုပါ

ကောင်မလေးရယ်.....
မင်းကသာ တိမ်တိုက်လေးတစ်ခုဆိုရင်ပေါ့
ငါက - မင်းပျော်ရွှင်စွာ လွှင့်မျောနိုင်ဖို့အတွက်
ကျယ်ပြန်တဲ့ ကောင်းကင်ကြီးတစ်ခုပါ

ကောင်မလေးရယ်.....
မင်းကသာ လိပ်ပြာငယ်လေးဆိုရင်ပေါ့
ငါက - မင်းပျော်ရွှင်စွာ ဆော့ကစားနိုင်စေဖို့
လှပတဲ့ ပန်းပွင့်လေးတွေကိုပဲ ဖန်တီးပေးမဲ့
ဥယျာဉ်မှုးတစ်ယောက်ပါ

ကောင်မလေးရယ်.....
ငါက - မင်းနဲ့သာပတ်သက်နေရမယ်ဆိုရင်ပေါ့
မပီဝိုးတ၀ါး အရိပ်လေးတွေပဲဖြစ်နေပါစေ
ပျော်ရွှင်စွာနဲ့ လက်ခံနေမဲ့သူပါဟာ

ကောင်မလေးရယ်.....
ငါ့ကို မသေချာတဲ့ ၀ိုးတ၀ါးအရိပ်လေးတစ်ခုတော့
ဖြစ်ခွင့်ပြုပါနော်....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Thursday 3 July 2008

မဆုံးရှုံးပါရစေနဲ့......ကောင်မလေးရယ်

ကောင်မလေးရယ်.....

ငါက တာရာမင်းဝေ ရေးတဲ့ဝတ္ထုထဲကလို့ပဲ.....

ကော်ဖီခွက်ကိုပဲ သတ္တိရှိရှိနဲ့ ချစ်ရေးဆိုရဲခဲ့သူပါ.....

နင့်ကို ငါခံစားနေရတာတွေ

အသိပေးဖို့ ကြံရွယ်လိုက်တိုင်းပေါ့...

နင့်ရဲ့နားမှာ ပျံဝဲနေတဲ့ ပျားပိတုန်းတွေက

ငါ့ထက် အစစ အရာရာ သာနေတဲ့အတွက်

ငါ့ကလဲ နင့်ကို စိတ်ထဲကနေပဲ ပြောရဲခဲ့သူပါ....

ငါ့စိတ်ထဲက ပြောနေတာတွေကို

နင့်ကို ကြားစေချင်ပေမဲ့.....

ဖွင့်ဟ ၀န်ခံဖို့ သတ္တိမှ ငါ့မှာ မရှိတာ.....

နင့်ကို မဆုံးရှုံးပါရစေနဲ့......ကောင်မလေးရယ်။

(မိုးတိမ်)


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

စိတ်နာချင်ပါတယ်..

အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင်
မင်းကို အရမ်းချစ်ခဲ့မိပါတယ်....

ဒါပေမဲ့ မထိမဲ့မြင် ဆက်ဆံမှုတွေက
မျိုသိပ်ထားတဲ့ ငါ့မာနတွေကို
တဖြည်းဖြည်းနဲ့ တူးဆွနေသလိုပဲကွာ...
ငါ့မှာလည်း ခံစားချက်ရှိတာပေါ့ကွာ...

" လွမ်းစရာရှိရင်
နာစရာနဲ့ ဖြေတဲ့"
အဲ့ဒီစကားပုံကတော့ ရှိပါရဲ့...

ဒါပေမဲ့ မင်းကို ငါ့က
စိတ်နာလို့မှ မရတာ...

မင်းကို မေ့ထားလို့ ရတဲ့ဆေးရှိရင်
ငါ့ကို ပေးပါအုံးနော်.....
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday 13 May 2008

ကျောင်းတော်က သူငယ်ချင်း အ၀ါ

လွမ်းတယ် ကောင်မလေးရယ်...
ဘယ်ကဗျာတွေဆီကိုပဲ ရောက်ရောက်
နင့်ရဲ့စိတ်ကို တံခါးလှမ်းလှမ်း ခေါက်မိတယ်...

ငါ့ကို ငါ့လွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
အခုထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း...

ချစ်ခြင်းတရားဟာ
ငါ့အတွက်တော့ တချို့ ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တခါးကပွင့်မလာခဲ့ဘူး...

ဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်း
မထူးတော့ပါဘူး...
အစကတည်းက
သူငယ်ချင်းဆိုတာ - ဆွတ်ခူးဖို့မှမဟုတ်တာဘဲ...
( တာရာမင်းဝေ )

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ချစ်သူပါးလေး နှစ်ဖက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်းခေါ်လိုက်တိုင်းမှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခုဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး
ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။
ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

(ကလောင်ရှင် - ကောင်းကင်ကို)

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday 7 May 2008

မာနမဲ့စွာ

ပြက်ရယ်ပြုမှုကို ခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကျည်းရက်ပါလေ။

တန်ဖိုးမထားမှုကို ခံစားရသည့်အခါ
မကျေနပ်မှု ခံစားရတတ်သော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောက်မြိုက်စွာ ပူပန်ခဲ့ရသော်လည်း
မည်သည့်အခါမှ မေ့လျော့၍မရနိုင်ပါလေ။

စတွေ့သည်မှ
ငါသည် သင့်အား
မာနတရားကို ပေးဆပ်ထားခဲ့သောကြောင့်တည်း။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ရင်ကွဲရမှာ ကြောက်ပါ၏.....!

သို့....... ကောင်မလေးရယ်
မင်းရဲ့ အမုန်း
မင်းရဲ့ ခါးသီးမှုတွေကို
ငါ ခံနိုင်ရည်မရှိလို့
မင်းကို ငါ့......
ချစ်ခွင့်တောင် မပန်ခဲ့ပါဘူးကွာ၊

ဒါတောင်မှနော်.....
မင်းရဲ့ ခါးသီးမှုတွေက
ငါ့ဆီကို ရက်ရက်လျောလျော
ပေးအပ်နေတုန်းပါပဲလား၊

ကျေးဇူးပြုပြီး.....
မင်းရဲ့ အမုန်းတရားတွေကို
ငါ့ဆီမှာ မအပ်နှင်းပါနဲ့နော်...
ငါ ရင်ကွဲရမှာကြောက်သလို
ခံနိုင်ရည်လည်း မရှိလို့ပါကွာ...
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday 30 April 2008

ကြွေရုပ်လေး....

ကြွေရုပ်လေး



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday 26 April 2008

နှလုံးသားအပိုမရှိပါ

သို့………ကောင်မလေး

ရည်းစားထားရင် လွမ်းရမှာလား….ဟင်
တစ်ချိန်ချိန်မှာ အလွမ်းဝေဒနာတွေကို

ကျွန်တော့်အတွက် လက်ဆောင်ပေးမယ်လို့
စိတ်ကူးထားရင်တော့ ……….

ကျေးဇူးပြုပြီး ကျွန်တော့်ရင်ဘတ်ထဲကို
ဝင်မလာပါနဲ့ဗျာ………….

ကျွန်တော်က အသဲနှလုံးကို အပိုမဆောင်တတ်သလို
လွမ်းရမှာကိုလည်း ကြောက်လို့ပါဗျာ…..
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အမှန်တရားလေးတစ်ခုပါ

လှလို့ချစ်တယ်ဆိုတဲ့အချစ်ဟာ အလှတရားလိုပဲ မကြာခင် သေဆုံးမှာပဲ။

Love built on beauty, soon as beauty, dies.

-John Donne

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သတိပြုရန်

မိတ်ဆွေ။ ။ သတိပြုရန်

တန်ဖိုးရှိတဲ့အရာတိုင်းဟာ ရှားပါးတတ်ကြပါသည်။

အချစ်သည် အရာအားလုံးထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်ပါသည်။

ထိုကြောင့် အလွယ်တကူ မပြောမိရန် လိုအပ်ပါသည်။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဆန္ဒ

နှင်းဖြူဖွေးဖွေးကြွေကာဆင်းလည်း
ဆက်လျှောက်ရမှာ ငါ့အလုပ်ပါ….

ခန္ဓာတစ်ခုလုံး အေးခဲနေလည်း
ဆက်သွားရမှာ ငါ့ခရီးပါ…….

လျှောက်နေတဲ့လမ်း ဘယ်လောက်ကြမ်းကြမ်း
ဆက်လျှောက်ရမှာ ငါ့တာဝန်ပါ……

ရင်ခွင်တစ်ခုလုံး ပြည့်နှက်နေအောင်
မင်းကိုလွမ်းတာကတော့ ငါ့ဆန္ဒပါကွာ…..
( မိုးတိမ် )



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ချစ်သူသိစေရန်

သို့…………ချစ်သူ
မင်းရဲ့  ဆံနွယ်ရှည်လေးတွေ တိုသွားမှာကို
ငါ့မျက်နှာ အိုသွားမှာထက် ပိုကြောက်ခဲ့ဘူးပါတယ်

မင်းရဲ့  အလှလေးတွေ ပျောက်ဆုံးသွားမှာကို
ငါ့ခန္ဓာပျက်သုဉ်းသွားမှာထက် ပိုကြောက်ခဲ့ဘူးပါတယ်

မင်းရဲ့ မျက်ရည်ဥလေးတွေ ပြိုကျလာမှာကို
ငါ့အသက် မြေခမှာထက် ပိုကြောက်ခဲ့ဘူးပါတယ်…

ဒါပေမဲ့…………ချစ်သူရယ်
မင်းရဲ့  မယုံကြည်ဘူးဆိုတဲ့စကားကိုတော့
ငါ့ရဲ့  သစ္စာတရားက မကြောက်ရွံ့  ခဲ့ပါဘူး…..
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အသဲမကွဲချင်တဲ့ ကျွန်တော်

မင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို

စွန့်လွှတ်လိုက်ရမယ်ဆိုရင်တောင်

သတိရခြင်းတွေကို …….

ငါပိုင်ဆိုင်နိုင်ခွင့် ရှိသေးတဲ့အတွက်

အမြဲတမ်းပဲ ကျေနပ်နေမှာပါ***

ဲ့…( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အညာခံချင်သူတစ်ယောက်ပါ

မင်းကြိုက်သလို ညာနိုင်ပါတယ်.....
ငါ့ရဲ့  အသဲနှလုံးကို ညာပြီးယူမယ်ဆိုရင်တောင်
ပေးလိုက်အုံးမှာပဲ………

ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က
မင်းရဲ့  လိမ်ညာမှုကို ခံချင်နေခဲ့တာလေ….
( မိုးတိမ် )


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သူငယ်ချင်း..........

ရိုးသားစွာ ခင်မင်နိုင်ပါတယ်

ယုံကြည်မှုမရှိရင် ဘာမှမလုပ်တာ

အကောင်ဆုံးပဲလို့ ထင်တယ်..

မယုံကြည်ရင် အပေါင်းအသင်းမလုပ်ပါနဲ့

ရိုးသားစွာ ခင်မင်တဲ့လူတိုင်းကို

သူငယ်ချင်းအဖြစ် သတ်မှတ်ထားပါတယ်.......




ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday 25 April 2008

သူငယ်ချင်းဖတ်ကြည့်သင့်တယ်ထင်လို့နော်

သူငယ်ချင်းဆိုတာ -
အဖြူရောင်သံယောဇဉ်တွေကို
ပိုင်ဆိုင်ထားတဲ့ သူတွေလို့
သတ်မှတ်ထားပါတယ်….

အကယ်၍ အခုစာဖတ်နေသော သင့်မှာသာ
အဖြူရောင်သံယောဇဉ်တွေ ရှိနေမယ်ဆိုရင်
လူတိုင်းနဲ့ သူငယ်ချင်း ဖြစ်နိုင်ပါတယ်….


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဒီဇိုင်း : Free Skin For Myanmar Bloggers